ရွှေဘို ဇွန် ၂၂
တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏မွေးရပ်မြေ၊ ကျုံး၊ နန်းနှင့် နတ်ကွန်း၊ ဗဟိုရ်၊ ရွှေချက်သိုလ်က ရေညိုမြဟန် နန္ဒာကန်ကို လျင်တန်မရှည်ဘိုးတော်တည်သည့် ငါးမည်ရရတနာင်္ဃ ရွှေဘိုမြို့၊ မြို့တည်၊ နန်းတည် နှစ်(၂၇၀)ပြည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေတန်ဆာဘုရားဝင်းအတွင်း ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့များနှင့် စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ကြီးများထံမှ ငါးပါး သီလခံယူဆောက်တည်ခဲ့ပြီး ရွှေဘိုမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအောင်ဘုန်းညိုမှ နှစ်(၂၇၀)ပြည့် မြို့တည်၊ နန်းတည်နှင့် ပတ်သက်၍ လျှောက်ထားတင်ပြရာ နယ်မြေအခြေအနေအရ အကျဥ်းရုံးကျင်းပရခြင်းဖြစ်ကြောင်း၊ နောင်နှစ်ရာပြည့်များတွင် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ဆောင်ရွက်နိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း လျှောက်ထားခဲ့သည်။
ထို့နောက် ပါဠိကာရီတုလွတ်ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တစန္ဒဝံသမှ သြဝါဒကထာ မြွတ်ကြားချီးမြှင့် ခြင်းနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်ခဲ့ပြီးနောက် ဆရာတော်သံဃာတော်ကြီးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် တာဝန်ရှိသူ များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အေးမြင့်စန်း