ပြည်ကြီးမဏ္ဍိုင်၊ အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အောက်တိုဘာလ ၈ ရက်က အမဲလိုက်လုပ်ငန်းလျှော့ချရေး အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့ အခြေစိုက်အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့(FFI)မှ စီမံကိန်းမန်နေဂျာဦးနေမျိုးရွှေက တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေနှင့် ရည်ရွယ်ချက်အားလည်းကောင်း၊ အသက်မွေးဝမ်း ကျောင်းအထောက်အပံ့ဆိုင်ရာ အရာရှိ ဒေါ်အိမြတ်သူက အမဲပစ်လုပ်ငန်း လျှော့နည်းပပျောက်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထောက်ပံ့ရေးလုပ်ငန်းများအားလည်းကောင်း၊ လက် ထောက်အရာရှိ ဒေါ်စုမြတ်မွန်က မွေးမြူရေးလုပ်ငန်းထောက်ပံ့မှုအား လည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲ ကွင်းဆင်းလေ့လာရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်မြင့်ဝင်းက ကြက်၊ ဝက်၊ ဘဲ မွေး မြူကြရန်နှင့် အစာနှင့်တိရစ္ဆာန်မျိုးများ ထောက်ပံ့ရေးအစီအစဉ်တို့ကို အသီးသီဆွေးနွေးကြရာ ဒေသခံမုဆိုး (၁၂) ဦးတို့မှ မွေးမြူရေးလုပ်ငန်း အစားထိုးထောက်ပံ့ပေးမှုကို လက်ခံမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးကြသည်။
အဆိုပါအဖွဲ့မှ ကြက်၊ ဝက်၊ ဘဲမွေးမြူရေးအထောက်အပံ့ကို ယခုအောက်တိုဘာလအတွင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကိုဗစ် -၁၉ ကာလ ကျော်လွန်ပါက ကျေးရွာများသို့ ကွင်းဆင်းပြီး အမဲလိုက်မုဆိုးများအား ပညာပေးဆွေးနွေးကာ အမဲလိုက်လုပ်ငန်းစွန့်လွတ်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းမန်နေဂျာဦးနေမျိုးရွှေထံမှ သိရသည်။
မျိုးလွင်(ပြန်/ဆက်)