အမရပူရ ဇန်နဝါရီ ၃
(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီနီမာရသွန် အပြေးပြိုင်ပွဲကို အမရပူရမြို့နယ်တွင် ယနေ့ နံနက် ၅ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မီနီမာရသွန်အပြေးပြိုင်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မြင့် ၊ မြို့မိမြို့ဖ ဦးတင်ထွဋ် ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်း နှင့် ဝန်ထမ်းများ ၊ မြို့နယ်အားကစားမှူး ဒေါ်အေးအေးခိုင်နှင့် ပြိုင်ပွဲဝင်အားကစားသမားများ ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နံနက် (၅:၄၅) မိနစ်အချိန်က ပြိုင်ပွဲဝင်ကစားသမားများအား စုရပ် စစ်ကိုင်း မြစ်ငယ်ဖြတ် လမ်းတိုးဂိတ်တွင် နေရာယူစေပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မှ သေနတ်ဖောက်၍ ပြိုင်ပွဲကိုစတင်ခဲ့သည်။ အဆိုပါပြိုင်ပွဲဝင်များသည် စစ်ကိုင်း - မန္တလေး လမ်းတစ်လျှောက်ပြေးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး ၊ ရုံးပေါင်းစုံတွင် ပန်းဝင်စေကြသည်။ အဆိုပါ ပြိုင်ပွဲဝင်တွင် ပထမဆုရ မောင်သဲမောင်မောင် ၊ ဒုတိယ ဆုရ မောင်ဇော်မင်းထွန်း ၊ တတိယဆုရ မောင်အောင်ရဲကျော်တို့ ရရှိခဲ့ပြီး နှစ်သိမ့်ဆု (၇)ဦးကို လည်းသတ်မှတ်ပြီး ဆုချီးမြှင့်မည်ဖြစ်ပြီး အမျိုးသမီး မီနီမာရသွန်တွင် ပထမ မယွန်းမီမီဇော် အားလည်းကောင်း ၊ ဒုတိယ မဇူးဝတီဖြိုး ကလည်းကောင်း ၊ တတိယ မဝင်းလဲ့ရွှေရည် တို့ကလည်းကောင်း ပန်းဝင်ခဲ့ကြပြီး ပြိုင်ပွဲတွင်အသက်အကြီးဆုံး ဝင်ရောက်ယှဉ်ပြိုင်သူ ဦးဝင်းအောင်ထွေး ၊ ဦးစိုးမင်း တို့ကို လည်းကောင်း၊ အသက်အငယ်ဆုံးပြိုင်ပွဲဝင် မောင်ပြည့်ပြည့်မောင် တို့ကို အမှတ်တရဆုများ ချီးမြှင့်ပေးမည်ဖြစ်ပြီး ကျားမီနီမာရသွန်တွင် ပထမဆုကို ကျပ်နှစ်သိန်း၊ ဒုတိယ ဆုကို ကျပ်တစ်သိန်းခွဲ ၊ တတိယဆုကို ကျပ်တစ်သိန်း နှင့် နှစ်သိမ့်ဆု(၇)ဆုကို ကျပ်ငါးသောင်းဆီ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
ဟိန်းထက်(အမရပူရ)