ကျွန်းစုမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများနှင့် ဟောပြောပွဲကျင်းပ

ကျွန်းစု ဇွန် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏  ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရှောင်ရမည့် အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများအား ရှင်းလင်းပြောကြားခဲ့ပြီး  အ.မ.က ကမ်းဇော်တောကျောင်းမှ မူလတန်းပြ ဒေါ်ချိုချိုသင်းက ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၀) ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၂)ဦး အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော‌ ကျောင်းသား/သူများအား တာဝန် ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အန္တရာယ်ဖြစ်စေနိုင်သော မူးယစ်ဆေးဝါးအမျိုးအစားများ၊ စိတ်ကြွရှုးသွပ်ဆေးပြားများ သုံးစွဲရခြင်း၏ ဆိုးကျိုးများ၊ ဆေးခြောက်ပင်နှင့် သုံးစွဲရခြင်း၏ ဆိုးကျိုးများ စသည့်အချက်များ ပါဝင်သော နံရံကပ်ဗွီနိုင်းများအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)