ပွင့်ဖြူ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးကြီးအပါအဝင် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကျေးလက်စည်ပင်သာယာဈေးများ ဈေးအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသပ်ရပ်စေရေးအတွက် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ ကျေးလက်စည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးဝန်းကျင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကာ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် ဈေးဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရန် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ပလပ်စတစ်အမှိုက်များ လိုက်လံကောက်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်ကန်ရှိ အမှိုက်သရိုက်များ သိမ်းဆည်းခြင်း၊ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများ ကျန်းမာရေး ဆိုးကျိုးမဖြစ်စေရေး စွန့်ပစ်အမှိုက်ကန်မှ အနံ့ဆိုးများမထွက်စေရန် ထုံးဖြူးခြင်းတို့ကို စနစ်တကျ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် ပလပ်စတစ်အမှိုက်များ ကင်းစင်စေရန် ရည်ရွယ်၍ မင်းဘူး - ပွင့်ဖြူ - စလင်းသွား ကားလမ်း တစ်လျှောက် စည်းကမ်းမဲ့ စွန့်ပစ်ထားသော ပလပ်စတစ်ကြွပ်ကြွပ်အိတ် အမှိုက်များကို လိုက်လံကောက်ယူရှင်းလင်း ဆောင်ရွက်ခဲ့ကြပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်များ ရရှိစေရေး မြို့ပြသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြသန့်ရှင်းသာယာရေး၊ စည်ပင်သာယာဈေးများ ဈေးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေး၊ ဈေးလုံခြုံရေးနှင့် ဈေးသူဈေးသားများ စနစ်တကျ ဈေးရောင်းဈေးဝယ် ပြုလုပ်နိုင်ရေး၊ ပြည်သူလူထု စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှောင်ကြဉ်သတိပြုနိုင်ရေး အသိပညာပေးခြင်းနှင့် မြို့ပတ်ဝန်းကျင် ပလပ်စတစ်ကြွပ်ကြွပ်အိတ်ကင်းစင်ရေး စသည့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မပျက် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )