မြိတ် ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်လျက်ရှိကြသော သင်တန်းသူများအား မီးဘေးအန္တရာယ်အကြောင်း အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းကို မီးသတ်ဦးစီးဌာနက ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
အသိပညာပေးရာတွင် ဒု-မီးသတ်ဦးစီးမှူး ဦးအောင်သူဦးက မီးလောင်ရသည့် အကြောင်းအရင်း၊ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို သင်တန်းကျောင်း ဆရာမများနှင့် သင်တန်းသူများအား အသိပညာပေး ဟောပြောပြီး သင်တန်းသူများနှင့် မိမိတို့ နေအိမ်များတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသရာ ရှေးဦးစွာ မီးသတ်ဆေးဘူး အသုံးပြု ငြှိမ်းသတ်နည်း၊ မီးတောက်အား ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများကို မီးသတ်တပ်ဖွဲ့ဝင်များက ပညာပေး သရုပ်ပြသခဲ့ကြပြီး သင်တန်းသူများအား မီးတောက်အား မီးသတ်ဆေးဘူး အသုံးပြု၍ တစ်ဦးချင်း လက်တွေ့ မီးငြှိမ်းသတ်ခြင်း၊ မီးတောက်အား ရေစိုအဝတ်ဖြင့် နှစ်ယောက်တွဲ ဖုံးအုပ်ငြှိမ်းသတ်ခြင်းများ လက်တွေ့ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)