ကလိန်အောင် ဇွန် ၂၂
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင့် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယမန်နေ့ ညနေ့ (၃) နာရီခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ-ထ-က၊ ကလိန်အောင်မှ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေပြီး ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ “မူးယစ်ဆေးဝါး တို့ရှောင်ရှား”၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ၊ ဘိန်းအစားထိုး စိုက်ပျိုးရမည့် အစေ့ထုတ်ပြောင်းစံပြကွက် ဟောပြောမှုများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်မှုများ၊ “မူးယစ်ဆေးဝါး အန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်”နှင့် “မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ် ဘဝသစ်” ခေါင်းစဉ်များဖြင့် ဆောင်းပါး၊ ဆောင်ပုဒ်၊ ကဗျာနှင့် ကာတွန်းများ စုံလင်းစွာအသိပညာပေး ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ခင်ခင်လဲ့