ကန်ကြီးထောင့် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ကျူတန်းကျေးရွာအုပ်စု၊ ကျူတန်းရိုးကြီးကျေးရွာရှိ အ.လ.က(ခွဲ) ကျူတန်းရိုးကြီးကျောင်း တွင် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်ခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား/သူများနှင့် လူငယ်/လူရွယ်များ မူးယစ်ဆေးဝါး၏ သားကောင်များ မဖြစ်ပေါ် စေရေး၊ မူးယစ်ဆေးဝါးသည် လူညွှန့်တုံးစေသည့်အတွက် ကလေးများ၏အနာဂတ်သာယာ လှပရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်း၊ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ် ဆောင်ရန်ရှောင်ရန်များ စသည့်အကြောင်းအရာများစုံလင်စွာ ဟောပြောခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်သို့ ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ အ.လ.က(ခွဲ) ကျူတန်းရိုးကြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မဇင်(ပြန်/ဆက်)