ငဖဲ ဇွန် ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်(အသားကဏ္ဍ) ငွေစာရင်းဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါမြို့နယ်ရုံးခန်းမ၌ ကျင်းပခဲ့ရာ မြစိမ်းရောင်ကျေးရွာများမှ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးက မွေးမြူရေးလုပ်ငန်းမှ မိသားစုဝင်ငွေရရှိသည့်အပြင် စားနပ်ရိက္ခာဖူလုံရေး နှစ်စဉ်တစ်ဦးချင်း အသား၊ နို့၊ ဉ စားသုံးမှုတိုးတက်လာစေရန်၊ ဘဏ္ဍာငွေအရင်းအမြစ် စဉ်ဆက်မပြတ်ရရှိပြီး ကျေးရွာလည်ပတ်ရန်ပုံငွေ ထူထောင်နိုင်ရန်၊ ကျေးရွာလည်ပတ်ရန်ပုံငွေစနစ်တွင် ကျေးရွာကြီးကြပ်မှုကော်မတီ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် သတ်မှတ်အတိုးငွေထည့်ဝင်ပြီး တိုးပွားလာသော အတိုးငွေ၏ အချို့ကို မွေးမြူရေးကို အခြေခံသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင် (အသားကဏ္ဍ) နွား၊ ဆိတ်၊ ဝက်မွေးမြူရေးဆိုင်ရာ ချေးငွေများ ထုတ်ချေးပေးပြီးသည့် ကျေးရွာများက ငွေစာရင်းများ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ကျေးရွာအုပ်စု(၇)အုပ်စုမှ ကျေးရွာပေါင်း(၁၅)ရွာရှိ တောင်သူသင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဝန်ထမ်း(၂)ဦးက အတိုးနှုန်းဆပ်နည်း၊ အတိုးငွေရရှိပါက တိရစ္ဆာန်နှင့် ဆက်စပ်သည့် နေရာများတွင် အသုံးပြုနည်းနှင့် ငွေစာရင်းဆိုင်ရာများကို ဇွန်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ၃ ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)