သံတောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှုင်းရေး ကော်မတီ တွေ့ဆုံဆွေးနွေး

သံတောင်ကြီး အောက်တိုဘာ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ် ညှိနှိုင်းအစည်းဝေးကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောကားရှယ်က ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာဆောင်ရွက်ထားမှု အခြေအနေ၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မဲဆန္ဒရှင်ပြည်သူများ မဲထည့်နိုင်ရေးဆောင်ရွက်မည့်အစီအမံများ၊ စေ့စပ်ညှိနှိုင်းရေးကော်မတီများ နှင့်တွေ့ဆုံရသည့်အ ကြောင်းအရင်းများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ အတွင်းရေးမှူး ဦးစောတီမသေက မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ထား ရှိမှုများအားပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေသွေးက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပါတီအသီးသီးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်၊ မဲရုံများတွင် လုံခြုံရေးတာဝန်ယူ ဆောင်ရွက်မည့် အထူးရဲများကိုဒေသခံများထားရှိမည့် အခြေအနေများအားရှင်းလင်း ပြောကြားခဲ့ ပြီး သံတောင်ကြီးမြို့နယ်ဆာမူထော်လူမှုရေးအသင်းအဖွဲ့မှ ဒါရိုက်တာစောကလိုထူးကြီးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ဒေသခံ ပြည်သူအားလုံးမဲပေးနိုင်ရေးအတွက် စည်းရုံးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက် လာသည့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက သိရှိလိုသည် များအား မေးမြန်းဆွေးနွေးခဲ့ပြီး ကြိုတင်ဆန္ဒမဲဗုံး ကြိုးချိတ်ပိတ်ဆောင်ရွက်ခြင်းကို နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၏ရှေ့တွင် ကြိုးချိတ်ပိတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)