မုံရွာ ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် ယမန်နေ့ နံနက်ပိုင်းက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးပြီး မြသလ္လာခန်းမတွင် ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၂၃ရက်နေ့အထိ ဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်း လက်တွေ့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းကို မိမိဌာနအတွင်းရှိ ဝန်ထမ်းများနှင့် မိတ်ဖက်ဌာနတို့မှ ဝန်ထမ်းများအတွက် အခမ်းအနားမှူးကောင်းတစ်ယောက် ဖြစ်စေရေးအား အလေးထားပြီး လူအများကြားတွင် ပြောရဲ၊ ဆိုရဲဖြစ်စေရန်နှင့် သတ္တိရှိစေကာ အခမ်းအနားတစ်ခုကို အောင်မြင်အောင် အစီအစဉ်များအား စနစ်တကျ ဆောင်ရွက်တတ်စေရန်၊ အခမ်းအနားမှူး တစ်ယောက်အနေဖြင့်လည်း ဝတ်စားဆင်ယင်မှု၊ လေယူလေသိမ်း၊ ကိုယ်ဟန်အနေအထားတို့ ပြီးပြည့်စုံရန် ရည်ရွယ်၍ သင်တန်းနည်းပြဆရာမ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်ဝါကြွယ်မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၄)ဦးကို ရက်သတ္တ နှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုနှင့် နှစ်သိမ့်ဆုများကို ဇွန်လ ၂၃ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)