ဖျာပုံမြို့၌ မြန်မာနိုင်ငံ အတက်ရောဂါစီမံချက် အသိပေးရှင်းလင်းဆွေးနွေး

ဖျာပုံ ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် မြန်မာနိုင်ငံ အတက်ရောဂါစီမံချက်လုပ်ငန်း စတင်ခြင်း အထိမ်းအမှတ် အသိပညာပေးအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အဆိုပါ​ ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဖျာပုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မာစိုးက မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်လုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် အတက်ရောဂါသည် ကုသ၍ရသော ဦးနှောက်နှင့် အာရုံကြောရောဂါဖြစ်ပြီး ကူးစက်တတ်သော ရောဂါမဟုတ်ကြောင်း၊ တက်ခြင်းဆိုသည်မှာ ဦးနှောက်အတွင်းရှိ လျှပ်စစ်စီးကြောင်းများ ရုတ်တရက် မူမမှန်ပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းကာ တုန်၍ သတိလစ်သွားခြင်းဖြစ်ကြောင်း၊ ၂၄ နာရီခြား၍ အကြောင်းရင်းခံမရှိဘဲ အနည်းဆုံး (၂)ကြိမ်နှင့် အထက် တက်မှသာ အတက်ရောဂါဖြစ်ကြောင်း၊ အတက်ရောဂါရှိသူများကို စနစ်တကျ ဆေးကုသမှု ခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြောင်းစသည်ဖြင့် အတက်ရောဂါအကြောင်း၊ အတက်ရောဂါသည် စိတ်ရောဂါမဟုတ်ကြောင်း၊ ဦးနှောက်နှင့် သက်ဆိုင်သော ရောဂါတစ်မျိုးသာဖြစ်ပြီး တက်နေသော လူနာအား အရေးပေါ်ပြုစု ကုသရမှာဖြစ်ကြောင်း၊ အတက်ရောဂါရှိသူများအတွက် ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်ဦးစီးမှူး ဦးသီဟန်ထွန်းက မြို့နယ်အတွင်းအတက်ရောဂါနှင့် ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အတက်ရောဂါစီမံချက်အကြောင်း ဗွီဒီယိုအား ပရိုဂျက်တာဖြင့် အသိပညာပေး ပြသသည်။ အခမ်းအနားသို့ ဖျာပုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ် အခြခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)