အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ထီးချိုင့် ဇွန် ၂၁

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် လူထုအ​ခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပပေးရခြင်း၏​ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်သူရက ကျောင်းသား/ကျောင်းသူများအား  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  ဖြစ်ပေါ်လာပုံများ၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အဓိကအကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်းနှင့် မူးယစ် ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲရောဂါဖြစ်သည့် (HIV/AIDS) ရောဂါအကြောင်းများကို အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် အထက(ထီးချိုင့်)မှ ကျောင်းသား/သူ (၁၆)ဦးတို့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့ခေါင်းစဉ်ဖြင့် ပန်းချီ ပြိုင်ပွဲကို  ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)