ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်နေခြင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အပြည့်အဝကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ လာရောက်ပြသသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစစ်ဆေးပေးခြင်းများအပြင် တစ်ဦးလျှင်လိုအပ်သောဆေးဝါးများ (၁)လစာအခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီနောက် ကျန်းမာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကိုခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင်အသက်ရှည်စွာနေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှု၊ ဌာနဆိုင်ရာ၊ မြို့မိမြို့ဖ၊ လူမှုရေးအသင်း အဖွဲ့များ၏ ပူးပေါင်းကူညီပါဝင်မှုဖြင့် လစဉ်(၂၁)ရက်နေ့တိုင်း တိုင်းဒေသကြီးအတွင်းမြို့နယ်(၂၈)မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည့်အပြင် အခြေခံစားကုန်များကိုလည်း သက်သာသောနှုန်းထားဖြင့် သက်ဆိုင်ရာဆေးရုံများတွင် တစ်ပါတည်းရောင်းချပေးလျက်ရှိ သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်းအငြိမ်းစားနိုင်ငံဝန်ထမ်း(၉၃၀၀၀)ဦးကျော်ရှိပြီး ပဲခူးမြို့နယ်အတွင်း၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၁၂၀၀၀)ဦးကျော် နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဈေးဝယ်သူများ၊ ဈေးရောင်းချနေသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နေ့စဉ်အခြေခံစားကုန်များအား ကုန်ပစ္စည်းအကန့်အသတ်မရှိ ရောင်းချသွားရန်နှင့် သန့်ရှင်းလက်ဆတ်စေရေး၊ အလေးချိန်မှန်ကန်စေရေးနှင့် ဈေးနှုန်းသက်သာမှုရှိစေရေး စဉ်ဆက်မပြတ်ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် ဇွန်လ(၁၇)ရက်နေ့မှစတင်၍ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက်အရောင်းဆိုင်များအား ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)