ဒေးဒရဲမြို့၌ မြန်မာနိုင်ငံအတက်ရောဂါစီမံချက် အသိပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဒေးဒရဲ ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ဆေးရုံဟောင်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၉)နာရီက မြန်မာနိုင်ငံအတက်ရောဂါ စီမံချက်အကြောင်း အသိပေးရှင်းလင်း ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က မြန်မာနိုင်ငံတွင် အတက်ရောဂါ ခံစားနေရသူ (၅)သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး အတက် ရောဂါရှိသူများ၏ (၈၀)ရာခိုင်နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိရာ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နှိုင်းယှဥ်လျှင် ရောဂါဖြစ်ပွားမှုနှုန်း (၂)ဆ၊ (၃)ဆ ပိုမိုမြင့်မားလျက်ရှိကြောင်း တွေ့ရှိ ရပြီး မြန်မာနိုင်ငံတွင် အတက်ရောဂါကို ဝက်ရူးပြန်ရောဂါအဖြစ် လူသိများပြီး ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ရာ စနစ်တကျ ဆေးကုသမှုခံယူခြင်းဖြင့် ရောဂါရှိသူအများ စုမှာ ပုံမှန်လူနေမှုဘဝပုံစံအတိုင်း နေထိုင်နိုင်မှာဖြစ်သည့်အတွက် အဆိုပါစီမံချက် လုပ်ငန်းများ အောင်မြင်စေရေး တက်ရောက်လာသူများက ပတ်ဝန်းကျင်သို့ အသိပညာဖြန့်ဝေပေးခြင်း၊ ကျန်းမားရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်  အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာ ချိုချိုဝင်းက စီမံချက်အကြောင်းအရာများ ရှင်းလင်းတင်ပြခြင်းနှင့်  မြန်မာနိုင်ငံအတက်ရောဂါ စီမံချက်အကြောင်းအား ဗွီဒီယိုပြသ၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အေဇာလင်း