ကသာမြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကသာ ဇွန် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် ကသာခရိုင်ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲသော ဆေးဝါးများကြောင့် စိတ်ပိုင်ဆိုင်ရာ ထိခိုက်မှုများဖြစ်သည့် စိတ်ကျရောဂါဖြစ်ခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည် ခြင်း၊ မှတ်ဉာဏ် ချို့ယွင်းခြင်း၊ မိသားစုနှင့်လုပ်ငန်းများအပေါ် စိတ်ဝင်စားမှုနည်းလာခြင်း၊ အာရုံ စူးစိုက်နိုင်မှု လျော့ပါးလာခြင်း၊ ပြင်းထန်စွာ စိုးရိမ်ကြောင့်ကြမှုဖြစ်ခြင်း၊ ကူးစက်ရောဂါများဖြစ်ပွားစေသည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးရလဒ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ကြောင့် ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများ၊ မူးယစ်ဆေးသုံး စွဲသူများအား ကုသပေးခြင်း၊ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များနှင့် ပညာပေးခြင်း မိမိပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး ကင်းစင်သော လူမှုအသိုက်အဝန်းဖြစ်ပေါ် စေရေး စသည်တို့ကို ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ များ တက်ရောက်ကြကာ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို စိတ်ပါဝင်စား စွာ လေ့လာကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။

ကျော်စွာ(ကသာ)