ဖြူးမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများပင်စင်လစာများကို လာရောက်ထုတ်ယူနေ

ဖြူး ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားများ၏ပင်စင်လစာငွေများကို လစဥ် ၂၁ ရက်နေ့မှစတင်ကာထုတ်ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းက အငြိမ်းစားပင်စင်စားကြီးများ ပင်စင်လစာလာရောက်ထုတ်ယူနေကြကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ပင်စင်လစာထုတ်ယူသူအငြိမ်းစားဝန်ထမ်း(၂၃၀၀)ဦးခန့်ရှိပြီး မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးရာတွင် ပိုမိုထုတ်ယူနိုင်ရေးနှင့် လုပ်ငန်းတွင်ကျယ်မှုရှိစေရန် လစဥ်ပုံမှန်(၂၁)ရက်နေ့မှစတင်ကာ နံနက်(၆)နာရီအချိန်မှစ၍ နေ့လယ်(၁)နာရီအချိန်ထိ ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

ထို့အပြင် ပင်စင်လစာထုတ်ပေးရာတွင် ယခင်ကဲ့သို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)