မြဝတီ ဇွန် ၂၁
ကျောင်းသားလူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ တိုးပွားစေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ဌာနပေါင်းစုံ အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူငယ်ရေးရာ ဟောပြောပွဲအဖြစ် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ယနေ့မျိုးဆက်သစ်လူငယ်များ ဘဝတိုးတက်ရေးအတွက် အဓိကအန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး သိရှိလိုက်နာသင့်သည့်အချက်များနှင့် လူငယ်များ သိသင့်သိထိုက်သည့် မူးယစ်ဆေးဝါးဆိုင်ရာများအား အသိပညာပေးဟောပြောသည်။
ထို့နောက် ဌာနပေါင်းစုံအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ မြဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုက စားသုံးသူရေးရာဆိုင်ရာများ၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး ဦးသာနိုင်စိုးက စားသုံးဆီအမျိုးအစားများ၏ ကောင်းကျိုးဆိုးကျိုးများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးစိန်မြင့်က ကျန်းမာရေးဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကျန်းမာရေးမှူး-၂ ဦးဌေးဦးက ကျောင်းစျေးများနှင့် ကျန်းမာရေးဆိုင်ရာများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဦးဇော်ဇော်မင်းက ကျောင်းသားလူငယ်များနှင့် အားကစားဆိုင်ရာများအား အသီးသီး အသိပညာပေးဟောပြောပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်ပြဘုတ်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)