ဝေါလေမြိုင်မြို့ ၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဝေါလေမြိုင် ဇွန် ၂၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်းနှင့် ပြည်သူ့ဆေးရုံတို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ဝေါလေမြိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချူပ်ရေးမှူး(ကိုယ်စား) တာဝန်ခံအကြီးတန်းစာရေး ဦးကျော်ညီညီလတ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရခြင်းမှာ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို  ပြေစေရန်နှင့်ပတ်ဝန်းကျင် လေထုကောင်းမွန်လာစေရေး အထောက်အကူပြုရန်၊  ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ သစ်တောဦးစီးဌာနပြန်/ဆက်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ခံများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထိုသို့ စိုက်ပျိုးပေးရာတွင် သပြေဘူတ ၅၀ ပင်၊ ကြေးနီ ၅၀ ပင်၊ စိန်နားဖြူ ၅၀ ပင်၊ ခရာဝါ ၅၀ ပင်၊ ဖော့စပရေး ၅၀ ပင်၊ ခရေ ၅၀ ပင်၊ မဟော်ဂနီ ၂၅၀ ပင်၊ မန်ဂျန်ရှား ၂၀၀ ပင်၊ စိန်ပန်း ၂၀၀ ပင်၊ ကျွန်း ၂၀၀ ပင်၊ မယ်ဇလီ ၂၀၀ ပင် စုစုပေါင်း ၁၃၅၀ ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ပြီး ပျိုးပင်များကို စည်ပင်သာယာရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနမှ ပေးအပ်ကြောင်း သိရသည်။

နှင်းဝေဦး(ဝေါလေမြိုင်)