ကရသူရိမြို့၌ ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ရေး ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကရသူရိ ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ဒေသခံမိဘပြည်သူများနှင့် ကျောင်းသား/သူများ ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ရေး ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီက အမှတ်(၁)ရပ်ကွက်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်ဦးစီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်လင်းထွန်းနှင့်ဝန်ထမ်းများ၊  ကျောင်းအုပ်ဆရာကြီးနှင့် မြို့စည်ပင်သာယာရေးတာဝန်ခံ ဦးကောင်းထက်ဆွေ၊ မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါ၍ ကျောင်းအတွင်းရောင်းချသည့် မုန့်ဈေးတန်းများ၊ ရပ်ကွက်အတွင်းရှိ စားသောက်ကုန် ဆိုင်များသို့ ရက်လွန်ကုန်ပစ္စည်းများရှိ/မရှိစစ်ဆေးခြင်း၊ ယင်နား အစားအစာများမရှိစေရေး စနစ်တကျပြုလုပ်ရောင်းချရေးနှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်စေရေး အစားအစာ များကို ရှောင်ရှားနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းသည် အစားအစာများမှတစ်ဆင့် ဖြစ်ပွားတတ်သည့် ဝမ်းပျက်/ဝမ်းလျှောရောဂါကို ကြိုတင်ကာကွယ်တားဆီးရေးအတွက် စစ်ဆေးခြင်းဖြစ်ရာ ပြည်သူများပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေးပြောကြားခဲ့ကြောင်းရသည်။

ကရသူရိ(ပြန်/ဆက်)