ကရသူရိ ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမဆောင်၌ ကျောင်းသား/သူများ သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်က သွေးလွန်တုပ်ကွေးရောကြိုတင် ကာကွယ်ရေးဆိုင်ရာများ၊ ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ရေး လိုက်နာဆောင်ရွက်ချက် များကို အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကရသူရိမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်လင်းထွန်းက မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါများကို သတိပြုနေထိုင်ကြရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် မိမိကျောင်းပတ်ဝန်းကျင်၊ မိမိမိသားစုဝင်များ ရောဂါမဖြစ်ပွားရအောင် ဆောင်ရန်၊ရှောင်ရန်အချက်များ၊ သွေးလွန်တုပ်ကွေးဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနတွင် အမြန်ဆုံးကုသမှု ခံယူကြတို့ကိုလည်းကောင်း အကျယ်တစ်ဝင်းဟောပြောပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် မိုးဦးကာလတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကျောင်းသား/သူများ သိရှိနားလည်ပြီး ကြိုတင် ကာကွယ်ဆောင်ရွက်နိုင်ရေး ပညာပေးဟောပြောခြင်းဖြစ်ရာ အဆိုပါဟောပြောပွဲသို့ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)