တောင်တွင်းကြီး ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန် မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်အမှတ်တံဆိပ်(၃)မျိုးအား ရောင်းချမှုမရှိစေရေး တောင်တွင်းကြီး မြို့မဈေးကြီးအတွင်းရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ယမန်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့မဈေးကော်မတီအဖွဲ့ဝင်များ၊ ဈေးဌာနစိတ်ဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်တွင်းကြီးမြို့ မြို့မစည်ပင် သာယာဈေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များအား သွားရောက်ကာ စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ / မရှိ ၊ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်း(၃)မျိုးအား ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်နေသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများအဖွဲ့က စားသောက်ကုန်လုပ်ငန်းရှင်များအား မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေးအတွက် သတ်မှတ်ကာလ ပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)