ဘားအံ ဇွန် ၂၁
အနာဂတ်လူငယ်များ ဗလငါးတန်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဖွံ့ဖြိုးစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုတက်ရေးလုပ်ငန်းများတွင် ကြီးမားသော လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (ဘားကပ်) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၂၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးနှင့်ဘက်စုံဖွံ့ဖြိုးရေး၊ စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရေးအတွက် စကားဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ Moderator အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆောင်ရွက်ပြီး ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်ခေါင်းစဉ် များကို အသီးသီးဦးဆောင်ဆွေးနွေးကြရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ စကားဝိုင်းဦးဆောင် ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)