ဘားအံခရိုင် Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲပြုလုပ်

ဘားအံ ဇွန် ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အမှတ် (၃၁) မူးယစ်တပ်ဖွဲ့စု (ဘားအံ) မှ ရဲမှူးမျိုးသိန်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက် ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မူးယစ်ကင်းစင်တို့ပြည့်တစ်ခွင်၊ သာယာလှပ လူမှုဘဝ” ခေါင်းစဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၅၀) ဦးက ပါဝင်ယှဉ်ပြိုင်ကြရာ ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်မည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်