ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ မိုးစပါးစိုက်ပျိုးရန်အတွက် (၁၂၃၅) ဧက ပျိုးထောင်ထားပြီဖြစ်

ရှမ်းရွာသစ် ဇွန် ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးရာသီကာလရောက်ပြီဖြစ်၍ ဒေသနေတောင်သူအများစုသည် မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် လယ်ယာလုပ်ငန်းခွင်များသို့ ဝင်ရောက်ပြီး ပျိုးပင်များပျိုး ထောင်ထားပြီဖြစ်ကြောင်း သိရသည်။

ဒေသနေတောင်သူများသည် တောင်ကုန်းတောင်ကြားတွင်ရှိသော တောင်ယာမြေများနှင့် လယ်မြေများတွင် မိုးများစတင်ရွာပြီး မိုးရေတင်ကျန်သည့်အချိန်တွင် မိမိတို့၏ လယ်မြေများနှင့် တောင်ယာမြေများတွင် ရေဝင်စေရန် ဆည်တမန်းငယ်များပြုလုပ်ခြင်း၊ ထွန်ရေးများစတင် ထွန်ယက်ပေးခြင်း၊ ပေါင်းမြက်ပင်များရှင်းလင်းခြင်း၊ ပျိုးထောင်၊ ပျိုးကြဲခြင်းလုပ်ငန်းများ၊  ထယ်ထိုး၊ ထယ်လှန်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မိုးစပါးစိုက်ဧက (၃၆၂၅) ဧကနှင့် တောင်ယာစိုက်ဧက (၂၁၆၃) ဧက စုစုပေါင်း (၅၇၈၈) ဧကရှိရာ (၁၂၃၅) ဧကခန့် ပျိုးထောင်ထားပြီဖြစ်ကြောင်း၊ ဒေသနေ ပြည်သူများ မိုးစပါးစိုက်ပျိုးရေးနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)