ကသာခရိုင်၊ဗန်းမောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများနှင့် အုပ်စု အုပ်ချုပ် ရေးမှူးများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဗန်းမောက် အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်/ ကျေးရွာအုပ်စုတို့တွင် တာဝန်ထမ်းဆောင်နေသော ရပ်/ကျေးစာရေးဝန်ထမ်းများနှင့် အုပ်စု အုပ်ချုပ်ရေးမှူးများအား ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းက အမှာစကား ပြောကြားရာတွင် လတ်တလောဖြစ်ပွားနေသော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုကို မိမိတို့၏မြို့နယ်တွင် မဖြစ်ပွားစေရန်၊ အထူးဂရုစိုက်ကြရန်၊ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စေရန်နှင့် မဲစာရင်း များ မကျန်ရှိ စေရေးအထူးဂရုစိုက်ကြရန်မှာကြားခဲ့သည်။

ထို့နောက် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၇ အုပ်စုတို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ရပ်/ကျေးစာရေးဝန်ထမ်းများနှင့် အုပ်စုအုပ်ချုပ်ရေးမှူး စုစုပေါင်း ၁၀၂ ဦးတို့အတွက် Face Mask တစ်ခု၊ ကိုယ်ပူချိန်တိုင်းသည့် ကိရိယာတစ်ခု၊ လက်ကိုင်လော်စပီကာ တစ်ခုတို့ကို မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)