ကလိန်အောင် ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက် နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ် မှု တိုက်ဖျက်ရေးနေ့ အထိမ်အမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အများပြည်သူနှင့် ကျောင်းသားကျောင်းသူများအား အသိပညာပေး နံရံကပ်ဓာတ်ပုံနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်တွင် အသိပညာပေး ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များ၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးအန္တရာယ်များစသည့် အကြောင်းအရာများ ပါဝင်ပြီး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သတ်သည့် သုတ/ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ အ.ထ.က-ကလိန်အောင်ကျောင်းမှ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)