ပေါင်းတည်၌ သတ္တမအကြိမ်မြောက် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ပေါင်းတည် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက သတ္တမအကြိမ်မြောက်၊ အငြိမ်းဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆက်လက်ဆောင်ရွက်ကြသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရမှဦးဆောင်၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကရုဏာစေတနာထက်သန်စွာဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာသန်းသန်းချစ်ဦးဆောင်၍ အငြိမ်းစားဝန်ထမ်းဟောင်းများအား စမ်းသပ်စစ်ဆေးပေးကာ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ပင်စင်လစာထုတ်ရန်လာရောက်သည့် အငြိမ်းစားဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှုခံယူလိုသည့်သူများကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ပြည်သူ့ဆေးရုံသို့ မော်တော်ယာဉ်ဖြင့် အခမဲ့သယ်ယူပို့ဆောင်ပေးကြကြောင်း၊ ယနေ့တွင်အငြိမ်းစား(၁၀၅)ဦးအား ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ခဲ့ကြောင်းနှင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်မှ စတင်ဆောင်ရွက်ခဲ့သော အဆိုပါကျန်းမာရေးစောင့်ရှောက်မှုသည် ယခုလထိသတ္တမအကြိမ်မြောက်ဆောင်ရွက်မှုဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

သူရကြီး (ပြန်/ဆက်)