မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်အောင်  အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင် ပြည်သူများ၏ အမည်စာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့်ကြိုတင်ဆန္ဒမဲပေးနိုင်သူများ မဲပေးနိုင်ရေး၊ မဲဆန္ဒပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခွင့်ရရှိရေး၊ မဲရုံမှူးနှင့်မဲရုံ အဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်သင် တန်းဖွင့်လှစ်ပို့ချပေးနိုင်ရေး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးသည့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ မဲပေးနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးစိန်လှိုင်၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်းနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)