ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အင်ဂျင်စက်ပြင်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား

ကျွန်းစု ဇွန် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကြီးမှူး‌ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပညာ အင်ဂျင်စက်ပြင်သင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြိတ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသင်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မအိုင်ကျေးရွာအုပ်စု၊ အုပ်ချုပ်‌ရေးမှူး ဦးသန်းဆွေက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်နှင်းသက်သက်ဝေက “နိုင်ငံတော်အစိုးရမှ အလေးအထားအကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်အတွက် အဆိုပါ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း” သင်တန်းဖွင့်လှစ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

သင်တန်းကို ဇွန်လ(၂၀)ရက်နေ့မှ ဇူလိုင်လ(၄)ရက်နေ့အထိ (၁၅)ရက်သင်တန်း ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး သင်တန်းနည်းပြအဖြစ် ဦးဝေလွင်က စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူ ‌(၁၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း၊ ကျွန်းစုမြို့တွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဇွန်လဒုတိယအပတ်တွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းကို ပထမအကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယခုတွင် အင်ဂျင်စက်ပြင်သင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြား‌ပေးကြောင်း မြို့နယ်ကျေး/လက်ဦးစီးဌာနမှ သိရသည်။

ထက်မြင့်(ကျွန်းစု)