မိုးညို ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ် လူရွယ်များအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးဟန်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်ခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဥ်နှင့်ပတ်သက်၍ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ကျောင်းသား လူငယ်များသိရှိလိုက်နာသင့်သော အချက်များနှင့် လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လောကတွင်လူကောင်းနဲ့လူဆိုး၊ အလင်းဘဝနဲ့ အမှောင်ဘဝပိုင်းခြားပေးထားတဲ့ သတ်မှတ်မျဥ်းရှိပါတယ်။ အဲဒီမျဥ်းက ကိုယ်ကျင့်တရားဆိုတဲ့မျဥ်းဖြစ်ကြောင်း၊ ဘဝမှာပစ္စည်းဥစ္စာဆုံးရှုံးခြင်းဟာ ဆုံးရှုံးမှုအစစ်အမှန်မဟုတ်သလို ကိုယ်ကျင့်တရားဆုံးရှုံးခြင်းဟာ အလုံးစုံဆုံးရှုံးခြင်းဖြစ်ကြောင်း အနာဂတ်လူအဖွဲ့အစည်းကို အမွေဆက်ခံမည့်လူငယ်လူရွယ်တို့အတွက် ကိုယ်ကျင့်တရားဖြူစင်ဖြောင့်မတ်ရေးသည်သာ အသက်သွေးတမျှအရေးကြီးကြောင်းစသည့်တို့ ဟောပြောခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ ဆက်)