လွိုင်ကော် ဇွန် ၂၀
ကယားပြည်နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်နယ်စာရင်းစစ်ချုပ်ရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း၊မီးငြိမ်းသတ်သရုပ်ပြခြင်း၊ လက်တွေ့လေ့ကျင့်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက ကြိုတင် ကာကွယ်ရေးနှင့်မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက်လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ရှောင်ကျဉ်ရမည့် အချက်များ၊ မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ် ဆောင်ရွက်ရမည့်အကြောင်းအရာများ စသည်တို့ကို ပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်း များအားအသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဒုပြည်နယ် မီးသတ်တပ်ဖွဲ့မှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝန်ထမ်းများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသခြင်းများကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
ကိုဇင်(ပြန်/ ဆက်)