ပွင့်ဖြူ ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက ယခု ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် သဘာဝတောများ ကောင်းမွန်စေရေးအတွက် ဝါးလုပ်ငန်းရှင်များ၊ ဒေသခံကျေးရွာပြည်သူများနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည် ရေဝေရေလဲဒေသတွင် ဝါး(၃)ဧက အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မဲဇလီရေလွှဲဆည် ရေဝေရေလဲဒေသ စိမ်းလန်းစိုပြည်စေရေးအတွက် ဝါးပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ပွင့်ဖြူမြို့နယ် သစ်တောဦးစီးမှူး ဦးအောင်မော်၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ဒေသတွင်းရှိ ဝါးလုပ်ငန်းရှင်များနှင့် ဒေသခံကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေး၊ သဘာဝတောများ ကောင်းမွန်ရေးနှင့် သစ်တောပြုန်းတီးခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဌာနအစီအစဉ်ဖြင့် ဝါး(၁)ဧက၊ ဝါးလုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့် ဝါး(၁)ဧကနှင့် ရေဝေရေလဲဒေသ တောအနီးရှိ ပွင့်ဖြူမြို့နယ် ရေရင်ကျေးရွာပြည်သူများ၏ အစီအစဉ်ဖြင့် ဝါး(၁)ဧက၊ စုစုပေါင်း ဝါး (၃)ဧကကို ယခုလ တတိယပတ်က အောင်မြင်စွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးအောင်မော်ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတု ကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် ဌာနဆိုင်ရာများ စုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲများကျင်းပ၍ အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်း၊ လူထုဖြန့်ဝေအစီအစဉ်ဖြင့် အရိပ်ရပျိုးပင်များ ဖြန့်ဝေပေးခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရေဝေရေလဲဒေသများ၌ သာယာစိမ်းလန်းစိုပြည်စေရေး အရိပ်ရပင်များနှင့် ဝါးပင်များ စိုက်ပျိုးခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခု အကောင်အထည်ဖော် စိုက်ပျိုးသည့် ဝါးစိုက်ခင်းမှ ထွက်ရှိသည့် ဝါးပင်များကိုလည်း ဒေသခံကျေးရွာနေပြည်သူများကို ထုတ်ယူသုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )