လွိုင်ကော် ဇွန် ၂၀
မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်ပါ လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏(စတုတ္ထအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးစောဟူးဟူးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင် စိုက်ပျိုးရေး၊ငါးလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍ၊ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများ ကဏ္ဍ၊ စွမ်းအင်၊ ပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍ၊ မြို့ကြီးများ၊ မြို့ငယ်များနှင့် လူများအခြေချနေထိုင်မှုကဏ္ဍ၊ ရာသီဥတု ဘေးအန္တရာယ်များနှင့် ကျန်းမာရေးကဏ္ဍနှင့် ပညာရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ စတဲ့ အဓိကစီးပွားရေးကဏ္ဍ (၆)ခုပါဝင်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ရည်မှန်းချက် လုပ်ငန်းတာဝန်များ ချမှတ်ကာ ကော်မတီအဖွဲ့ဝင်ဌာနများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏ (ပထမအကြိမ်နှင့် ဒုတိယအကြိမ်) အစည်းအဝေး ဆုံးဖြတ်ချက်ပါ နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ငွေ့ညစ်ညမ်းမှု လျှော့ချရေး၊ တောမီးနှင့်အကြောင်း အမျိုးမျိုးကြောင့်အခြား မီးလောင်ကျွမ်းမှုကို ကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုနဲ့ ကော်မတီအဖွဲ့ဝင်ဌာနများမှ ဝိုင်းဝန်းဆောင်ရွက်နေမှုကို ကျေးဇူးတင်ဝမ်းမြောက်မိကြောင်း ပြောကြားသည်။
ဆက်လက်၍ ကယားပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ကော်မတီ အဖွဲ့ဝင်ဌာနများမှ ပြည်နယ်ဦးစီးမှူးများက ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီး ဦးစောဟူးဟူးက ဖြည့်စွက်ရှင်းလင်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဇင်(ပြန်/ ဆက်)