သာပေါင်းသတင်းစာစက္ကူစက် ကုန်ကြမ်းရရှိရေး ညှိနှိုင်းဆွေးနွေး

ပုသိမ် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သာပေါင်းသတင်းစာစက္ကူစက် ကုန်ကြမ်းရရှိရေး ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ တိုင်းဧရာ ဧည့်ရိပ်သာ၌ ပြုလုပ်ခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်က ကုန်ကြမ်းရရှိရေးအတွက် စိုက်ပျိုးထုတ်လုပ်သူနှင့် ဝယ်ယူသူများအကြား‌ အဆင်ပြေသော ဈေးနှုန်း ဖြင့် ဝယ်ယူနိုင်ရေးအတွက် ယခုကဲ့သို့ ညှိနှိုင်းဆွေးနွေးပွဲ ခေါ်ယူရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်မိုးနိုင်က ဝယ်ယူမည့်ကုန်ကြမ်း၏ သတ်မှတ်ချက်များ၊ ဝယ်ယူမည့် သစ်အမျိုးအစား များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် သာပေါင်းစက္တူစက်ရုံမှ တာဝန်ရှိသူတစ်ဦးက စိုက်ခင်းများမှ မန်ဂျန်ရှား၊ ယူကလစ်နဲ့ ရေမနေသစ်ပင် များကိုသာ ဝယ်ယူမှာဖြစ်လို့ စိုက်ခင်းလုပ်ငန်းရှင်များမှ လိုအပ်သည့် ပမာဏကို ရောင်းချပေးနိုင်ရေးနှင့် ဈေးနှုန်းသတ်မှတ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြ သည်။ ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိန်က ကြိုးဝိုင်းအတွင်း စိုက်ပျိုးသည့် စိုက်ဧကများနှင့် ထွက်ရှိသည့် အရေအတွက်ကို ရှင်းလင်း‌ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ အစိုးရအဖွဲ့မှ ဝယ်ယူမည့် နှုန်းထားနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ရောင်းချနိုင်ခြင်းရှိ၊ မရှိကို‌ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး က နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

သာပေါင်းသတင်းစာစက္ကူစက် ကုန်ကြမ်းရရှိရေး ညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ သစ်တောဦးစီးဌာနနှင့် ခရိုင်/မြို့နယ် အတွင်းရှိ ပုဂ္ဂလိကစိုက်ခင်းလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

မြင့်ဟန်