ရှမ်းရွာသစ် ဇွန် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိ ပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉)နာရီ အချိန်တွင် ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာန၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင် မိခင်များအား ကိုယ်ဝန်စောင့်ရှောက်မှုကို စနစ်တကျခံယူရန်၊ မိမိကြိုက်နှစ်သက်ရာ အစားအစာများကို ရွေးချယ်စားသုံးခြင်းမပြုဘဲ အစာအာဟာရ(၃)အုပ်စုကို မျှတပြည့်ဝစွာစားသုံးရန်စသည့် ကျန်းမာရေးအကြောင်း သိကောင်းစရာများလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အကြောင်းအရာများ၊ ကိုယ်ဝန်ဆောင်မိခင်များကျန်းမာရေးနှင့်ပတ်သက်၍ ရှောင်ရန်၊ဆောင်ရန် အချက်များ စသည်ဖြင့် အသိပညာ ပေးဆွေးနွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါနှင့်ဆုံဆို့နာရောဂါ ကာကွယ်ဆေးများ ထိုးပေးခြင်း၊ သံချဆေးတိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ရာဇဝင်မေးခြင်း၊ HIV/AIDSရောဂါစစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်းနှင့် သွေးပေါင်ချိန်များတိုင်းတာပေးခြင်း စသည့်လိုအပ်သောကျန်းများရေး စောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် လစဉ်လဆန်း(၂)ရက်နေ့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် (၂၀)ရက်နေ့တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျေးလက် ကျန်းမာရေးဌာနမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)