မြင်းမူ အောက်တိုဘာ ၉
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုမှာ ရာသီဥတုဖောက်ပြန်၍ မိုးခေါင်မှုကြောင့် ပုံမှန်လယ်ယာစိုက်ပျိုးခြင်းမှ မိသားစုတစ်ပိုင်တစ်နိုင် ခြံများစိုက်ပျိုး လုပ်ကိုင် လျှက်ရှိရာ ငရုပ်သီးစိမ်းပင်များစိုက်ပျိုးရောင်းချခြင်းပြုလုပ်သူ ခြံပိုင်ရှင်များ အမြတ်ငွေပိုမိုရရှိ လျှက်ရှိကြောင်းသိရှိရသည်။
ငရုပ်ပင်မှာ တနှစ်ပါတ်လုံးခူးယူရရှိနိုင်သည့်အပင်ဖြစ်ပြီး စိုက်ပျိုးသူ၏မျိုးရွေးချယ်မှုနှင့် ဂရု စိုက်ပြုစုမှုအပေါ်မူတည်ကြောင်း၊ (၁)ဧကလျှက် ပင်ကြား(၂)ပေ၊တန်းကြား(၃)ပေဖြင့် အပင် (၄၀၀၀)ကျော် စိုက်ပျိုးနိုင်ကြောင်း၊ အပင်သက်တမ်း(၂)လအရွယ်တွင်စတင်ခူးယူနိုင်သော်လည်း ပထမအကြိမ်ခူးယူစဉ်က အစမ်းသီးဖြစ်သည့်အတွက် အချိန်(၃၅)ပိသာခန့် သာရရှိကြောင်း၊ (၁)လလျှင် (၂)ကြိမ်ခူးယူရရှိပြီး ခူးယူမှုအကြိမ်များလာသည်နှင့်အမျှ ငရုပ်သီးထွက်ရှိမှုပိုမိုရ ရှိကြောင်း၊ မြင်းမူမြို့ တပင်ရွှေထီးရပ်ရှိ ငရုပ်သီးစိမ်းပင်စိုက်ပျိုးလုပ်ကိုင်နေသူ ဦးသန်းစိုးထံမှ သိရှိရသည်။
ငရုပ်ပင်စိုက်ပျိုးရာတွင် မိမိ၏ထွန်ယက်လုပ်အားခမပါ ကုန်ကျငွေ(၆)သိန်းကျော်ရှိကြောင်း၊ ဆွတ်ခူးမှု(၄)ကြိမ်တွင် ငရုပ်သီးအထွက်မှာ ပိသာ(၆၀၀)ခန့်ရရှိ၍ ယနေ့ဒေသပေါက်ဈေး(၁) ပိသာ (၂၀၀၀) ကျပ်ဈေးရရှိသည့်အတွက် အကြမ်းအားဖြင့်ငွေကျပ်(၁၀)သိန်းကျော်ရရှိသည် ဖြစ်၍ နှစ်ပါတ်လည်ဂရုစိုက်ပြုစုဆွတ်ခူးမည်ဆိုပါက ငရုပ်စိုက်ပျိုးသူများအနေဖြင့် အမြတ်ငွေ ပိုမို ရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)