စစ်ကိုင်း ဇွန် ၂၀
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စစ်ကိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် စစ်ကိုင်းပညာ ရေးဒီဂရီကောလိပ်တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦး သူနာပြုစုခြင်းသင်တန်း (၁/၂၀၂၃) ဆင်းပွဲကို အဆိုပါကျောင်းရှိ မြဧရာခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက သင်တန်းဆင်း အမှာစကား ပြောကြားရာ သင်တန်းသား/ သင်တန်းသူများ အနေဖြင့် သင်တန်းပြီးဆုံးသည်အထိ စိတ်ဝင်စားစွာ တက်ရောက်ပေးကြတဲ့အတွက် အလွန်အင်မတန်မှ ဂုဏ်ယူပါကြောင်း၊ သင်တန်းမှ ရရှိခဲ့သည့် ပညာရပ် တွေကိုလည်း လက်တွေ့နယ်ပယ်မှာ ပရဟိတစိတ် အပြည့်အဝဖြင့် လက်တွေ့အသုံးချ ဆောင်ရွက်သွားကြပါ ကျောင်းသား/ကျောင်းသူ အချင်းချင်း ချစ်ခင် စည်လုံးပြီး ပညာရပ်တွေကိုဖလှယ်ရင်း ဆက်လက်လေ့လာဆည်းပူးသွားကြပါ သို့မှသာပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိလာမှာဖြစ် ကြောင်း၊ နိုင်ငံတော်မှ အားထားရတဲ့ သားကောင်း/ သမီးမွန်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများကို လည်းကောင်း၊ သင်တန်းနည်းပြဆရာများအား အမှတ်တရလက်ဆောင်များကိုလည်းကောင်း၊ သင်တန်းတွင် စာတွေ့/ လက်တွေ့ ဆုရရှိခဲ့ကြသူများကို ဆုများအား လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းကို ဇွန်(၁၆)ရက်နေ့က ဖွင့်လှစ်ပို့ချပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူ(၁၆၂) ဦး တက်ရောက်ခဲ့ကြကာ သင်တန်းကို(၅)ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်