မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မြောင်းမြ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သူနာပြု သင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ အသိပညာ ဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည် ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သူနာပြုသင်တန်း ကျောင်းအုပ်ဆရာမကြီး ဆရာမကြီး ဒေါ်နော်ကဖော်ရှီးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်စကားဝိုင်း ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များ အား ရှင်းလင်းခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်‌ဝေဝေမြင့်က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ သူနာပြုသင်တန်းသား သင်တန်းသူများ ဖြစ်ကြသော မောင်သန့်ဇင်ထက် (ပထမ)နှစ်က လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ မခင်မျိုးသူ (ပထမ)နှစ်က လူငယ်နှင့်ကျန်းမာ‌ရေး၊  မ‌စုစန္ဒာဝင်း (ဒုတိယ) နှစ်က လူငယ်နှင့်အားကစား၊ မောင်ခန့်ဇင်ဝင်း (ပထမ)နှစ်က လူငယ်နှင့် ကိုယ်ကျင့်တရား စသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး၊ ဆွေးနွေးပွဲသို့ တက်ရောက် လာသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က ဖြည့်စွက်ဖြေကြားခဲ့‌ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ ကြကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)