ရေဦးမြို့နယ်တွင် နွေစပါးများ စိုက်ပျိုးမှုဖြစ်ထွန်းအောင်မြင်

ရေဦး ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် နွေစပါးများစိုက်ပျိုးပြီးဖြစ်ရာ ရွာမိဿာ၊ နှောကုန်း၊ ကုန်းသာ‌၊ သံသည်၊ ကျောက်စာကုန်း၊ ရေဦးကုန်းကျေးရွာ အုပ်စုအပါအဝင် နွေစပါးစိုက် တောင်သူများ နွေစပါးစိုက်ပျိုးပြီး စပါးပင်များ ဖြစ်ထွန်းအောင်မြင်လာ၍ ဝမ်းသာလျက်ရှိကြောင်း ကျေးရွာစပါးစိုက်တောင်သူ တစ်ဦးက ပြောကြားသည်။

နွေစပါးစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး မြို့နယ်စိုက်ပျိုးရေးမန်နေဂျာက “မြန်မာနိုင်ငံမှာက ရာသီ အနေဖြင့် နွေ၊ မိုး၊ ဆောင်းသုံးမျိုးရှိရာမှာ မိုးစပါးသည် မိုးရေကို အားကိုးစိုက်ပျိုးရပါတယ်။ နွေစပါးသည် ဆည်ရေ (သို့မဟုတ်) မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေ စသည့် သွင်းရေ တစ်မျိုးမျိုး ဖြင့် စိုက်ပျိုးရတာကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။  မေလမှ စက်တင်ဘာလကုန်အထိ စိုက်ပျိုးတဲ့ စပါးကို မိုးစပါး၊ အောက်တိုဘာလမှ ဧပြီလကုန်အထိ စိုက်ပျိုးတဲ့စပါးကို နွေစပါးလို့ ခွဲခြားနိုင်ပါ တယ်၊ မိုးစပါးနှင့် နွေစပါးကို  နှိုင်းယှဉ်ရင်နွေစပါးက  အထွက်ပိုပါတယ်၊ အထွက်ပိုရသည့် အကြောင်းအရင်းကတော့ မိုးရာသီထက် နွေရာသီတွင် မိုးတိမ်ကင်းစင်ကာ စပါးပင်အတွက် နေရောင်ခြည်စွမ်းအင် ပိုမိုရရှိတယ်။ အပင်တွေဟာ နေရောင်ခြည်စွမ်းအင်ဖြင့် အပင်အတွက် အစာချက်လုပ်ကာ ကြီးထွားဖွံ့ဖြိုးပွင့်သီးရသောကြောင့် စပါးအထွက်ပိုရခြင်း ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် နွေစပါးက မိုးစပါးထက် သက်တမ်းပိုရှည်သော်လည်း နွေရာသီမှာ ဒေသ၊ ရေ၊ မြေ အလိုက် စိုက်ပျိုးနိုင်သော စပါးမျိုးများစွာရှိပါတယ်။ နွေစပါးမျိုးဟူ၍ သီးသန့်မရှိပါဘူး၊ မိုးရာသီမှာစိုက်တဲ့ အထွက်ကောင်း စပါးမျိုးအုပ်စုဝင် စပါးမျိုးကို နွေရာသီမှာစိုက်လိုက နွေစပါး မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်၊ နွေရာသီတွင် အများစုစိုက်ပျိုးသည့် အထွက်ကောင်းစပါးမျိုး များမှာ မြန်မာနိုင်ငံ အောက်ပိုင်းတွင် သီးထပ်ရင်နှင့် အလယ်ပိုင်းတွင် ရွှေသွယ်ရင်စပါးမျိုးတို့ ဖြစ်ပါတယ်။ သီးထပ်ရင်နှင့် ရွှေသွယ်ရင် စပါးနှစ်မျိုးစလုံးက သက်တမ်းတိုစပါးမျိုးများ ဖြစ်ပါတယ်။ ယခုအခါ အခြားအထွက်ကောင်းသက်လျှင် မျိုးများဖြစ်သော ရက် ၉၀၊ ရတနာတိုးတို့ကို လည်း စိုက်ပျိုးလာပြီဖြစ်တယ်။ သက်လတ်အထွက် ကောင်း စပါးမျိုးများဖြစ်တဲ့ မနောသုခနှင့် ဆင်းသုခတို့ကိုလည်း မိုးရာသီသာမက နွေရာသီတွင်လည်း စိုက်ပျိုးနေဆဲဖြစ်ပါတယ်၊ ရေဦး မြို့နယ်အနေဖြင့်  နွေစပါးလျာထား (၁၀၀၀၀) ဧက၊ စိုက်ပျိုးပြီးဧက (၈၀၀၀) ဧက ခန့်ဖြစ်ပြီး ယခုအခါမှာ သီးနှံများလည်း ဝေဝေဆာဆာဖြင့် ဖြစ်ထွန်းအောင်မြင်နေပြီဖြစ်သည်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

သန်းသန်း(ရေဦး)