တောင်တွင်းကြီး ဇွန် ၂၀
ဗုဒ္ဓဘာသာသာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားစေရန်၊ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အမှုအခင်း၊ အဓိကရုန်းများ လျော့နည်းပပျောက်စေရန်၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများ၊ ဥပဒေများ ပိုမိုနားလည်တက်ကျွမ်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော နဝမအကြိမ် သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကို တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်၊ ငှက်ပစ်တောင်ကျောင်းတိုက်ကြီးတွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တောင်တွင်းကြီးမြို့ သဲကောကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တရာဇိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အောင်မြေရတနာ စာသင်တိုက်ကြီး၏ ပဓာနနာယက၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမန ဆရာတော်အရှင်သူမြတ်မှ ဩဝါဒကထာ ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်အရှင်သူမြတ်တို့အား တောင်တွင်းကြီးတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် သံဃနာယက လုပ်ထုံးလုပ်နည်း စာအုပ်များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်၊ တောင်တွင်းကြီးမြို့ ငှက်ပစ်တောင် ကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတထံမှ အနုမောဓနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချအမျှပေးဝေခဲ့ကြောင်း သိရသည်။
သင်တန်းတွင် သံဃနာယကလက်စွဲ သံ/စည်းလုပ်ထုံးလုပ်နည်း၊ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများဆိုင်ရာ၊ မဟန ညွှန်ကြားလွှာနှင့် ကြားကာလအမိန့်များ၊ ဥပဒေနှင့်ဆိုင်ရာ၊ ဝိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းနှင့် ဝိနိစ္ဆယလက်စွဲ စသည့်ဘာသာရပ်များအား သက်ဆိုင်ရာ ဘာသာရပ်အလိုက် နည်းပြဆရာများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ ဇွန်လ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၅) မြို့နယ်မှ သံဃာတော်(၅၀)ပါးအား ပင့်ဖိတ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)