ဟင်္သာတ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥနှင့် အသားများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် ရောင်းချပေးခဲ့ကြသည်။
အဆိုပါ အခြေခံစားသောက်ကုန် ရောင်းချပေးခြင်းကို ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ ပူးပေါင်းကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ မြို့မဝက်လိုင်စင်နှင့် မြို့မအမဲ လိုင်စင်တို့မှ ဝက်သား တစ်ပိဿာလျှင် တစ်သောင်းနှုန်းဖြင့် ၁၀ ပိဿာအားလည်းကောင်း၊ အမဲသားတစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်ငါးရာ ကျပ်နှုန်းဖြင့် ၁၀ ပိဿာအား လည်းကောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်တစ်ပြည်လျှင် (၂၅၀၀) နှုန်းဖြင့် ဆန် ၂၅ အိတ် ကိုလည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် (၂၅၀) ကျပ်နှုန်းဖြင့် ကြက်ဥအလုံး ၂၀၀၀ ကို လည်ကောင်း၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် (၉၀၀၀) ကျပ်နှုန်းဖြင့် ကြက်သား ၁၀ ပိဿာကိုလည်းကောင်း၊ ဝန်ထမ်းများနှင့် အများပြည်သူများ ဝယ်ယူ စားသုံးနိုင်ရေးအတွက် ပြင်ပပေါက်စျေးထက် အဖိုးနှုန်းလျှော့ချရောင်းချပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)