ပန်းတနော်မြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ပန်းတနော် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့ နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၁)ပြည်လျှင် ၂၅၀၀ ကျပ်၊ ကြက်ဥ(၅)လုံးလျှင် ၁၂၀၀ ကျပ်၊ အမဲသား (၂၅)ကျပ်သားလျှင် ၃၀၀၀ ကျပ်၊ ဝက်သား(၂၅)ကျပ်သားလျှင် ၃၀၀၀ ကျပ်၊ ငါးဒန် (၄၀)ကျပ်သားလျှင် ၁၅၀၀ ကျပ်နှင့် အသီးအရွက်များကို ဈေးနှုန်းသက်သာ စွာဖြင့် ပြည်သူများလက်ဝယ်သို့ အပတ်စဉ်အင်္ဂါနေ့တိုင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)