ဘားအံ ဇွန် ၂၀
ကရင်ပြည်နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းရေး ကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကုန်ထုတ်လုပ်မှုစရိတ် များပြား၍ ထုတ်လုပ်မှု နည်းပါးပြီး ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိခြင်း၊ ထုတ်ကုန်နည်းပါးပြီး သွင်းကုန်များခြင်း၊ ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ချနိုင်ရေး ပြည်ပမှ ဝယ်လိုအားကို လျော့ချ၍ ပြည်တွင်း၌သာ သွင်းအားစုများကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြဖို့လိုပြီး အခြေခံစားသောက်ကုန်များကို တိုးမြှင့်ထုတ် လုပ်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများစွာရှိသော်လည်း သီးထပ်စိုက်စွမ်းအားနည်းသည့်အတွက် ထုတ်လုပ်မှုနည်းပြီး စားသောက်ကုန်ကုန်ဈေးနှုန်း မြင့်တက်နေခြင်းဖြစ်ရာ ပြည်နယ်၏ အဓိက သီးနှံ(၁၀)မျိုးကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီသည်အထိ စိုက်ပျိုးထုတ်လုပ်ကြစေလိုကြောင်း၊ ကုန်ဈေးနှုန်းကို ဦးစွာတည်ငြိမ်အောင် ဆောင်ရွက်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်၍ ရသည့် နည်းလမ်းများဖြင့် ကုန်ဈေးနှုန်း ကျဆင်းအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အားလုံးပူးပေါင်း ကူညီဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က သွင်းအားစုများ တင်သွင်းရာတွင် သက်ဆိုင်ရာ ခရိုင်အလိုက် သက်သာသော ဈေးနှုန်းများဖြင့် တင်သွင်းနိုင်ရေး ဆွေးနွေးတင်ပြပြီး ကော်မတီ အတွင်းရေးမှူး ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးက တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ မရှိစေရေး၊ ကုန်စည်များဥပဒေနှင့်အညီ လျင်မြန်စွာ စီးဆင်းနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ရေး၊ ကုန်ဈေးနှုန်းဆိုင်ရာ မသမာမှုများနှင့် ဘေးဖြစ်စေနိုင်သော စားသောက်ကုန်ထုတ်လုပ်မှု တိုက်ဖျက်ရေး အစရှိသော ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြကာ ကော်မတီဝင်များက အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေးနှင့် အခွန်လွတ်ဈေး (တောင်သူလယ်သမားဈေး) တစ်ပတ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေးကြသည်။
ယင်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းရေးဆိုင်ရာ ဆောင်ရွက်မည့် ကိစ္စရပ်များအား အကြံပြု တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)