ကော့သောင်းမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ကော့သောင်းဇွန်၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်ဖွဲ့စည်းထားရှိသည့် Book Club၊ Woman Club နှင့် Youth Club တို့ ပူးပေါင်း၍ မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှ ရသော အသိပညာ ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book-Club)ဥက္ကဋ္ဌ ဒေါ်အေးအေးအောင်က စာရေးဆရာမ ဂျူးရေးသားသည့် "စာမတတ်ရင်" ဝတ္ထုပါ ကျောင်းနေအရွယ် ကလေးများ စာတတ်မြောက်မှု ရှိစေရန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ မူလတန်းဆင့် ပညာရေးကျောင်း ဖြစ်မြောက်အောင် ဝိုင်းဝန်းကျိုးပန်းဆောင်ရွက်ခဲ့ရပုံကို ဆွေးနွေးပြောကြားရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book-Club) အဖွဲ့ဝင် ဦးလင်းနိုင်က ကျောင်းပြင်ပ ပညာရေးစနစ်နှင့် ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့မှုအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)