အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

မိုးညို ဇွန် ၂၀

မိုးညိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး၊ နံရံကပ်စာစောင်ပြသ ခြင်းနှင့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင်အ.လ.က(ခွဲ) တောင်ပိုင်းကျောင်းမှ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးက "လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်" ခေါင်းစဥ်ဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက ပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်အားကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ ဆက်)