ဘိုကလေးမြို့နယ်တွင် ပိုက်ဆံလျှော်မြေမြှုပ်ခြင်းလုပ်ငန်း သရုပ်ပြဆောင်ရွက်

ဘိုကလေး ဇွန် ၂၀

မြေဆီလွှာအတွင်း အာဟာရဓာတ်ဖွံ့ဖြိုးထက်သန်စေရန်၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ရန်၊ မြေတွင်းအစိုဓာတ်ကို ထိန်းသိမ်းထားရန်နှင့် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ဧက(၁)ဧကလျှင် စပါး (၁၀) တင်းနှုန်း အထွက်တိုးရန်တို့ကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့ နံနက်(၉)နာရီခွဲအချိန်၌ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စုရှိ တောင်သူဦးစံသောင်း၏ ကွင်းအမှတ်(၆၇၀)၊ ဦးပိုင်အမှတ်(၇၂)၊ (၇.၈) ဧကရှိ  လယ်ယာမြေကွက်တွင် ပိုက်ဆံလျှော်မြေမြှုပ်ခြင်းလုပ်ငန်း သရုပ်ပြဆောင်ရွက်သည်။

သရုပ်ပြဆောင်ရွက်ရာတွင် လွန်ခဲ့သော (၄၅)ရက်၌ ကြဲပက်စိုက်ပျိုးခဲ့သော ပိုက်ဆံလျှော်ပင်များအား ကိုင်းစက်ဖြင့် မောင်းနှင်မြေမြှုပ်ခဲ့ပြီး သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ များ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

လယ်ယာမြေများအတွင်းသို့ ပိုက်ဆံလျှော်ပင်များ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတွင်းအာဟာရဓာတ်ကို ကြွယ်ဝစေကာ မြေဩဇာအဖြစ် အသုံးပြုနိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးခြင်း၊ ပိုးမွှားကျရောက်မှုကို တားဆီးပေးခြင်း၊ သီးနှံအထွက်နှုန်း တိုးတက်လာစေခြင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှုကို လျော့နည်း၍ ကုန်ကျစရိတ် သက်သာစေခြင်း၊ မျိုးအဖြစ်ထုတ်လုပ်ပါက အပိုဝင်ငွေရရှိခြင်းစသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မိုးစက်(ဘိုကလေး)