တောင်တွင်းကြီး ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ယမန်နေ့နေ့လယ် (၁:၃၀)နာရီအချိန်က အမှတ်(၈၈) အခြေခံပညာမူလတန်းလွန်ကျောင်း(ထူပါရုံ)သို့ သွားရောက်ကာ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၈၈) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက မူးယစ်အစဆေးလိပ်ကနှင့်မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် ဥပဒေများအကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက စားသုံးရန်မသင့်သည့် အစားအစာများ၊ ကုန်ညွှန်းအမှတ်အသား ခေါင်းစဉ်များအကြောင်း အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်သုံးခြင်းအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)