ပခုက္ကူ ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအကြောင်းနှင့် သင်တန်းမှရရှိမည့် အကျိုးကျေးဇူးများအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး သင်တန်းသူများကိုယ်စား ပခုက္ကူမြို့၊ ပန်းပျိုးသူမူလတန်းကြိုကျောင်းမှ သင်တန်းသူ ဒေါ်နွယ်နွယ်အေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ(အခမဲ့)သင်တန်းသူ အကအဖွဲ့များက ကလေးတေးသရုပ်ဖော်သီချင်းနှင့် ကလေးကဗျာများဖြင့် ကပြဖျော်ဖြေခြင်း၊ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းသူများ ကိုယ်တိုင်လက်တွေ့ဖန်တီးပြုလုပ်ထားသော ကလေးသူငယ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများကို လိုက်လံကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ကြသည်
အဆိုပါသင်တန်းကို ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ECCD နည်းလမ်းများကို လက်တွေ့ဆောင်ရွက်နေသော ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၏ ကလေးသူငယ်ပြုစုပျိုးထောင်မှုနည်းလမ်းများ နည်းစနစ်မှန်ကန်စွာ အသုံးချတတ်စေရေး၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပခုက္ကူခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ မူလတန်းကြိုကျောင်းများမှ သင်တန်းသူ(၃၀)ဦး တက်ရောက်ကြကြောင်း၊ သင်တန်းကာလမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်မှ ၁၉ ရက်အထိ သင်တန်းကာလအတွင်း ကလေးသူငယ်များ၏ သင်ယူမှုအခြေခံအုတ်မြစ်များ၊ ကလေးသဘောသဘာဝနှင့် လိုအပ်ချက်၊ကာယ၊ ဉာဏဖွံ့ဖြိုးမှုစစ်ဆေးနည်း၊ ကလေးပုံပြင်၊ ကဗျာနှင့်ပန်းချီသင်ကြားနည်း၊ မူကြိုဆရာမများ၏ အခန်းကဏ္ဍ၊ သင်ထောက်ကူပစ္စည်းများ ဖန်တီးပြုလုပ်နည်း၊ ECCD ဥပဒေနှင့် ပေါ်လစီ၊ မိဘအသိပညာနည်း၊ ရှေးဦးသူနာပြုစုနည်းများနှင့် ဆရာ၊ မိဘနှင့် ကလေးများအကြား ကောင်းမွန်သော ပြုမူဆက်ဆံရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မသန်စွမ်းသူများသင်ကြားနည်း၊ စားသုံးသူအကာအကွယ်ပေးရေး၊ အထွေထွေကျန်းမာရေး စသည့် ဘာသာများကို စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)