အင်းတော်မြို့တွင် မိုးရာသီ သစ်ပင်များ စုပေါင်းစိုက်ပျိုး

အင်းတော် ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် မိုးရာသီသစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ဇွန်လ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်က အင်းတော်မြို့ မြို့မပရိယတ္တိ စာသင်တိုက်ကျောင်းဝင်းအတွင်း အင်းတော် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ မိမိတို့ သစ်တောဦးစီးဌာနအနေဖြင့် သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောများ ပျက်စီးပြုန်းတီးမှု မရှိစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောပြုန်းတီးမှုများ ကာကွယ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝသစ်တောပတ်ဝန်းကျင်များ ပျက်စီးပြုန်းတီးမှုကို ကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ သစ်တော သစ်ပင်များကို ချစ်မြတ်နိုးသူများအနေဖြင့် သစ်ပင်များကို စိုက်ပျိုးလိုပါက မိမိတို့ သစ်တောဦးစီးဌာနနှင့် ဆက်သွယ်၍ သစ်ပင်ပျိုးပင်များကို လာရောက်စိုက်ပျိုးနိုင်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ် သစ်တောဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဟန်လင်းအောင်က ပြောပြခဲ့သည်။

အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် အင်းတော်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ် ဦးစီးမှူးတို့က သစ်ပင်ပျိုးပင်များအား ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များကို အသီးသီးပေးအပ်ခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြ သော ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက သတ်မှတ်နေရာများ၌ ကျွန်းပင် ၁၀၀ ပင်၊ ပိတောက် ၇၅ ပင်၊ ကံ့ကော် ၇၅ ပင်၊ အော်ရီးရှား ၇၅ ပင်၊ ပျဉ်းကတိုး ၇၅ ပင် စုစုပေါင်း သစ်ပင် ပျိုးပင် ၄၀၀ ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ